Pages

Subscribe:

Friday, December 4, 2009

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

4.12.2009



ကရင်အမျိုးသား အလံတော်ဟာ နက်ရှိင်းသော အဓိပ္ပါယ်ရှိပြီး ကြီးမားသောမျှော်လင့်ချက်နှင့်ရည်မှန်း ချက်များလည်းရှိပါတယ်။ အလံဆိုသည်မှာ အဖွဲ့အ စည်း၏ကိုယ်စား၊ လူမျိုးတမျိုး၏အသက်ကို ကိုယ်စား ပြုခြင်းသင်္ကေတ အမှတ်အသား တစ်ခုလည်းဖြစ်ပါ တယ်။ ကရင်လူမျိုးတို့အတွက် မရှိမဖြစ် အလွန်အရေး ကြီးလှတဲ့အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ကရင် အမျိုးသားအလံတော်ဟာ အခြားလူမျိုးတို့က၊ အသိ အမှတ်ပြုတာကို ကရင်အမျိုးသားတွေက ဂုဏ်ယူစရာဖြစ်ရပါတယ်။

(၁၈၈၁)ခုနှစ်တွင် ဒေါက်တာတီသံပြာဟာ ကရင်အမျိုးသားအဖွဲ့တစ်ဖွဲကို တည်ထောင်ဖွဲ့စည်းခဲ့ပြီး ၄င်းအဖွဲမှာ သူက ကရင်အမျိုးသားအဖွဲ့၏ ပထမဦးဆုံးသော သဘာပတိဖြစ်ပါတယ်။ ဒေါက်တာတီသံပြာ သဘာပတိဖြစ်ပြီးတဲ့နောက် (၁၉၃ဝနှင့် ၄ဝ)ခုနှစ်ကြားမှာ သာယာဝတီမြိုနေဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန်အဖြစ် ထမ်း ဆောင်ခဲ့ပါတယ်။ ဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန် ထမ်းဆောင်တဲ့အချိန်မှာဘဲ လွှတ်တော် အစည်းအဝေးထဲမှာ ကရင်နှစ်သစ်ကူးနေ့၊ ကရင်အလံ၊ ကရင်အမျိုးသားသီချင်း၊ ပေါ်ပေါက်လာဖို့အတွက် ကရင်ခေါင်း ဆောင်ကြီးများနဲ့အတူ လွတ်တော်အစည်းအဝေးမှာ ဤအခွင့်အရေးများ ပေါ်ပေါက်လာရန်အတွက် တညီတညွတ် တည်းတိုက်ပွဲဝင်တောင်း ဆိုခဲ့ကြပါတယ်။ ကရင်အစည်းအရုံး Karen National Association ဖြင့်ခေါ်ဝေါ်ခဲ့ပါတယ်။ ကရင်လူ မျိုးများအားလုံး ဒီအဖွဲ့ထဲမှာ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီးတို့ရဲ့ ရည်ရွယ်ချက်က ကရင်အမျိုးသားများဟာ မိမိတိုအလံတော်ရှိ လာရန်အတွက် လွှတ်တော် အစည်းအဝေးထဲမှာ(၁၉၃၅)ခုနှစ်ကရင်တမျိုးသားလုံးနဲ့ ထိုက်တန်တဲ့ကရင့်အလံတော်ကိစ္စကို တင်သွင်းပြီးမဲခွဲဆုံးဖြတ် ခဲ့ကြပါတယ်။
အစည်းအဝေးပြီးတာနဲ့တပြိုင်တည်း ကရင်အလံပုံစံကို ပြိုင်ပွဲတစ်ရပ်အနေဖြစ် အပြိုင်အဆိုင်ရေးဆွဲကြရန် ကြေညာစာများနှင့် သတင်းစာထဲမှာပါ ထည့်သွင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကရင်အလံပုံစံရေးဆွဲကြရန် တောင်းဆိုဆော်သြပန် ကြားလိုက်တယ်။ ပြိုင်ပွဲဆုကိုလည်း ထိုက်ထိုက်တန်တန်ပေးမယ်လို့ ကြေညာ ချက်ထဲမှာ ထည့်သွင်းဖေါ်ပြထားပါသေးတယ်။
ဤပန်ကြားချက်ဟာ မကြာခင်အတောအတွင်းထဲမှာပဲ ပြည်တွင်းမှာနေထိုင်ကြတဲ့ ကရင်လူမျိုးအများအပြား အလံတော်ပုံစံအခုတစ်ရာကျော် တင်ပို့လာခဲ့ကြပါတယ်။ ထိုအလံတော်ပုံစံအခုတစ်ရာကျော်အနက် အလံပုံစံ(၁၂)ခုကို ရွေးချယ်သတ်မှတ်ပြီး အလံ(၁၂)ခုထဲမှာ (၃)ခုထပ်မံရွေးချယ်လိုက်ပြန်ပါတယ်။ ရွေးချယ်ခံရတဲ့အလံ (၃)ခုမှာ အလံပုံစံရေးဆွဲတဲ့သူ ပထမဆုရရှိတဲ့ (မန်းဘခင်) (ဘီအေ) ကရင်အမျိုး သားအဖွဲ့ကစာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
သူတီထွင်တဲ့အလံတော်ဟာ ကရင်လူမျိုးများတိုရဲ့အမြတ်တနိုးထားသော ဖါးစည်တစ်လုံး ပါရှိပါတယ်။ သူကဖားစည်ရဲ့ အဓိပ္ပါယ်ကိုဖေါ်ပြရာမှာ (က)ရှေးခေတ်ကရင်လူမျိုးများရဲ့အိမ်တိုင်းမှာ ဖါးစည်ကိုလက်နက်သဖွယ်ဆောင် ထားကြပါ တယ်။ (ခ)ကရင်လူမျိုး များဟာ ဖါးစည်ကိုအသက်သမျှရိုသေ တန်ဖိုးထားကြပါတယ်။ သက်ရှိသောအရာတစ်ခုအဖြစ် သတ်မှတ်ထားတာ ကြောင့် ဖါးစည်တစ်လုံးလိုမခေါ်ဆိုဘဲ ဖားစည်တစ်ခုအဖြစ် အသိအမှတ်ပြု ခေါ်ဆိုခဲ့ပါတယ်။


ဒုတိယဆုရရှိခဲ့တဲ့ တောင်ငူကဆရာမိုးလိုရဲ့ ရေးဆွဲသောအလံ အဓိပ္ပါယ်ဖေါ်ပြချက်မှာ တက်သစ်စနေဝန်းအမှတ်အသား တစ်ခုဖြစ်တယ်။ သူ၏ဖေါ်ပြချက်မှာ (က)တက်သစ်စနေဝန်းဟာ နေ၏အလင်းရောင်ကို ကမ္ဘာပေါ်ရှိကရင်လူမျိုးများတို့ရဲ့ တိုးတက် ထွန်းလင်းတောက်ပစေရန် ဖြစ်ပါတယ်။ (ခ)နေရောင်ခြည်ဟာ ကြောက်စိတ်ကိုဖယ်ရှားခြင်းဖြစ်တယ်။ ဥပမာ အိမ်ထောင်တစ်ခုအတွင်းမှာ အိမ်သူအိမ်သား တစ်ယောက်ကနေမကောင်းဖျားနာနေလျှင် အခြားသောအိမ်သား တစ်ဦးဦးကလူနာသည်အတွက် စိုးရိမ်ကြောက်ကြနေသည့်အတွက် မိုးမြန်မြန်လင်းစေချင်ပါတယ်။ ညဘက်မှောင် ချိန်ရောက်လျှင် ကြောက်စိတ်တွေ ခံစားနေရသည့်အတွက် နံနက်နေရဲ့အလင်းရောင်ပေါ်လာတဲ့အခါ ကြောက်စိတ် ကို ဖယ်ရှားစေပါ တယ်။ (ဂ)နေရဲ့အလင်းရောင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအရာဝတ္ထုများအားလုံး အသက်ရှင်ခြင်းကို ပေးစွမ်းနိုင်တယ်။ ကမ္ဘာပေါ်ရှိ လူသားများအားလုံးလည်း နေရောင်ခြည်အားကို လိုသလိုအသုံးပြုခဲ့ကြပါတယ်။ ဆရာဝန်များကလည်း လူနာကို နေလှမ်းပြီး ကျန်းမာစေသလို နေရောင်ခြည်ရဲ့အကျိုးကျေးဇူးများလည်း ရရှိပါတယ်။

တတိယဆုရရှိတဲ့ ဒေါက်တာဘစောဒွေးရေးဆွဲတဲ့ ကရင်အလံတော်ပုံစံမှာ ဆင်ဖြူတော် အရုပ်အမှတ်အသားပြုခဲ့ ပါတယ်။ ဖားစည်ရဲ့အပေါ်မှာလည်း ဆင်အရုပ်ပါရှိနေပါတယ်သူရဲ့အဓိပ္ပါယ်ဖေါ်ပြချက်မှာ ဆင်ဖြူတော်ဟာတန်ဘိုးရှိပြီး မြင့်မြတ်တဲ့ ရာတနာတစ်ခု ဖြစ်ပါတယ်။

ကရင်အစည်းအရုံးအတွင်းရေးမှူး မန်းဘခင်ဦးဆောင်ပြီးတော့ ကရင်အလံ(၃) ခုပေါင်းကာ တစ်ခုတည်းအတည်ပြုပြီး ကရင်အမျိုးသားအဖွဲ့ထံသို‹တင်သွင်းခဲ့ပါတယ်။ ၄င်းနောက် ကရင်အမျိုးအဖွဲ့က ဤအလံတော်ကို အတည်ပြုခဲ့သည်။ ကရင်အလံတော်မှာ အရောင်(၃)မျိုးရှိပါတယ်။ အနီ၊အဖြူ၊ အပြာ ရောင်နှင့် နေဖြာရောင်ခြည်(၉)ခုလည်းပါဝင် ခဲ့ပါတယ်။ ကရင်အလံတော်(၃) ခုကို ပေါင်းစည်းခဲ့တဲ့ မန်းဘခင်က ကရင်အလံတော်ရဲ့အဓိပ္ပါယ်ဖေါ်ပြရာမှာ
(က) အနီရောင်ဆိုသည်မှာ- ရဲရင့်ပြတ်သားခြင်းသတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း။
(ခ) အဖြူရောင်ရဲ့ဓိပ္ပါယ်မှာ - ဖြူစင်ခြင်းနှင့်သန့်ရှင်းစင်ကြယ်ခြင်း။
(ဂ) အပြာရောင်ရဲ့အဓိပ္ပါယ်မှာ - ဖြောင့်မတ်တည်ကြည်ခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ဖြစ်ပါတယ်။
(ဃ) တက်သစ်စနေဝန်း၏နေရောင်ခြည်(၉)ခုမှာ- ကရင်လူမျိုးတို့ရဲ့ နေရပ်ဌာနီကို ဖေါ်ပြခြင်း၊ ဘဝတိုးတက်မှုနှင့် သာယာငြိမ်းချမ်းမူဖြစ်ပါတယ်။
(င) ဖားစည်၏အဓိပ္ပါယ်မှာ – စည်းလုံးညီညွတ်မှုအမှတ်အသားနှင့် ရိုးရာယဉ်ကျေးမူ ၊ တန်ဖိုးရှိ သောပိုင်ဆိုင်မူတို့ဖြစ်ပါ တယ်။

ကရင်နှစ်သစ်ကူးနေ့ ကျင်းပတဲ့နှစ်တနှစ်တည်း မြန်မာသက္ကရာဇ်(၁၂၉၉) ခရစ်သက္ကရာဇ် (၁၉၃၈)ခုနှစ်ကရင်သက္ကရာဇ် (၂၆၇၇)ခုနှစ်မှာ ကရင်နှစ်သစ်ကူးပထမဦးစွာ ကျင်းပခဲ့သည့်နေ့မှာ ကရင်အမျိုးသားအလံတော်ကို ၄င်းနှစ်သစ်ကူးနေ့ မှာပဲ အလံတိုင်ပေါ်သို့ လွှင့်ထူခဲ့ပြီး ကရင်အမျိုးသားများတို့က စည်းလုံးညီညွတ်စွာ ဦးညွတ်၍ အလေးပြုခဲ့ကြပါတယ်။

(၁၉၃၆)ခုနှစ်မှာ ဗြိတိသျှတပ်မှ ကရင်စစ်ဘက်ခေါင်းဆောင်တို့က၊ ကရင်အမျိုးသားအလံပေါ်တွင်ရှိသော ဖားစည်၏ အောက်မှာကဒိုးနှစ်ခုအထိမ်းအမှတ် ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ ဤသင်္ကေတ အမှတ်အသားပါသော အလံကို အင်္ဂလိပ် အစိုးရထံတရားဝင် တင်ပြခဲ့ပါတယ်။ ကရင့်အမျိုးသားအလံဟာ (၁၉၄၉)ခုနှစ်ဇန္နဝါရီလ(၃၁)ရက်နေ့မှာ ကရင့်လက်နက် ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါမှာ တောတွင်းကရင့်လက်နက်ကိုင်အလံဟု (ဖဆပလ) အစိုးရအဖွဲ့ထဲမှ အချို့ လူတွေကစွပ်စွဲပြောဆိုကြပြီး ကရင်အမျိုးသားအလံကို အစိုးရက သုံးစွဲခွင့်မပြုတော့ပါ။ သို့သော်လက်နက်ကိုင်တော် လှန်ရေးမလုပ်သော ကရင်အမျိုးသားအဖွဲ့ ခေါင်းဆောင်ဖြစ်ကြသောဆရာသာထို–ဆရာမန်းဂျိမ်းထွန်းအောင် ကရင် လူကြီးစောဘဲလေတို့က၊ ကရင်နှစ်သစ်ကူးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့အခါမှာ ကရင်အလံတော်ကိုရဲရဲဝံ့ဝံ့ ပြန် လည်၍ လွှင့်ထူခဲ့ပါတယ်။

(၁၉၆၃)ခုနှစ်–မူးဆိုးကော်ကစာ စောဟန်တာသာမွှေးအား ကရင်အလံတော်ကို ဖြန့် ဝေခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်မှာ စောစံ ဖိုးသင်လည်းထိုနည်းတူစွာ ကရင်အလံတော် ကိုထုတ်ဝေခဲ့ပြန်ပါတယ်။ ယခုအသုံးပြုနေသောအလံဟာ ရှေးခေတ်က၊ကရင် ခေါင်းဆောင်ကြီးများ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် ဤအလံတော် သည် နက်ရှိုင်းသောအဓိပ္ပါယ်ရှိပြီး ဂုဏ်ကျက်သရေလည်း ပြည့်ဝပါသည်။ ထို့ ကြောင့် ကရင်အမျိုးသားများအားလုံး ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ နောင်လာနောင်သား ကရင်အမျိုးသားထု တစ်ရပ်လုံးက မိမိတို့ရရှိထားတဲ့ ဒီအခွင့်အရေးကိုမပပျောက်မဆုံးရှုံးရအောင် ကရင်တိုင်းမှာ ထိမ်းသိမ်းကာကွယ်ရန် တာဝန်ရှိပါတယ်။

ယခုမျက်မှောက်ကာလမှာ တောင်ပေါ်ဒေသမြေပြန့်ဒေသနှင့် ရေမြေရပ်ခြားနေထိုင် ၍ပြန့် ကျဲနေကြသောကရင်လူမျိုးတို့ဟာ ဘာသာအယူအဆ ကွဲပြားခြားနားသော်လည်း ရိုးရာပွဲတော်များဖြစ်သည့် ကရင်နှစ်သစ်ကူး၊ ဝါခေါင်လပြည့် ချည်ဖြူ ဖွဲ့ပွဲ၊ နှစ်ဦးကောက်သစ်စားပွဲ၊ အစည်းအဝေးပွဲ၊ ယဉ်ကျေးမှုပွဲတော် စသဖြင့် ကျင်းပပြုလုပ်သည့်အခါတိုင်း အမျိုးသား အလတော်ကို လွှင့်ထူခဲ့ကြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကရင်လူမျိုးတို့၏ယခုမျက်မှောက်ကာလမှာ တစုတရုံးတည်း အတူတကွ နေထိုင်ခွင့်မရခဲ့ပါ သို့သော် ကရင်အမျိုးသားရဲ့အလံတော်အောက်မှာ စိတ်ဝမ်းကွဲပြားမှုမရှိတာကို တွေ့ရပါတယ်။ ရပ်နီးရပ်ဝေး ဘာသာ အယူအဆ ကွဲပြားခြားနားမှုရှိသော်လည်း ဒီဇင်ဘာလ(၁၆)ရက်နေ့မှ ကျရောက်မည့်(၇၂)ကြိမ်မြောက် ကရင်နှစ်သစ် ကူးနေ့မှာ တစ်ခုတည်းသော အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်ခြင်း ဖွံ့ဖြိုးတိုးတက်ခြင်း ကြွယ်ဝချမ်း သာခြင်း၊ ငြိမ်းချမ်းသာယာသောဘဝကို မျှော်မှန်းကြပါတယ်။

ထို့ကြောင့် ကရင်အမျိုးသားအလံဟာ အရေးကြီးသော အမှတ်အသားတစ်ခု ဖြစ်ခြင်းကြောင့် ကွဲပြားပြန့်ကျဲနေသော အဖွဲ့အစည်းများကို အလံတော်က စုစည်းညီညွတ်စေပြီး အင်အားဖြစ်စေပါတယ်။ ထိုအင်အားမှတစ်ဆင့် ရုန်းကန်မှု အဖြင့်သို့ ရောက်ရှိကာ လွတ်မြောက်သောဘဝသို့ ရောက်ရှိမည်ဖြစ်ပါတယ်။

ဝင်းရော် စောထဲနေ

0 comments:

Post a Comment